← Matthew (26/28) → |
1. | ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊ |
2. | နှစ်ရက်လွန်မှပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက် သတ်စေခြင်းငှါ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
3. | ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊ |
4. | ယေရှုကို ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်အံ့သောငှါ တိုင်ပင်ကြ၏။ |
5. | သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။ |
6. | ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု၏ အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊ |
7. | မိန်းမတယောက်သည် အဘိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။ |
8. | တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။ |
9. | ထိုဆီမွှေးကို အဘိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆိုကြ၏။ |
10. | ယေရှုသည် သိတော်မူလျှင် ထိုမိန်းမကို အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်း သောအမှုကိုပြုပြီ။ |
11. | ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။ |
12. | ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ပြုသတည်း။ |
13. | ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ၏။ |
14. | ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား၍၊ |
15. | အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။ |
16. | ထိုအခါမှစ၍ ကိုယ်တော်ကိုအပ်ခြင်းငှါ အဆင်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ၏။ |
17. | အဇုမပွဲ ပဌမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စား တော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးကြသော်၊ |
18. | ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။ |
19. | တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။ |
20. | ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၏။ |
21. | စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊ |
22. | တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။ |
23. | ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။ |
24. | ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။ |
25. | ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ် ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက် လျှင်၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏။ |
26. | ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ |
27. | ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။ |
28. | ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။ |
29. | ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ |
30. | ထို့နောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။ |
31. | ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။ |
32. | သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊ |
33. | ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ် အလျှင်းမပျက်ပါဟု လျှောက်လေ၏။ |
34. | ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊ |
35. | ပေတရုက၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ |
36. | ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ |
37. | ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးသောစိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။ |
38. | ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့် အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၏။ |
39. | ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ |
40. | တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့ သည် တနာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှါ ဤသို့မစွမ်းနိုင်သလော။ |
41. | စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊ |
42. | တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကိုအကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလို ရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။ |
43. | ထိုနောက်တပည့်တော်တို့ရှိရာသို့လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြ သည်ကိုတွေ့တော်မူလျှင်၊ |
44. | သူတို့ကိုထားခဲ့၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။ |
45. | ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ။ |
46. | ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ |
47. | ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သောလူအစုအဝေးအပေါင်း တို့ သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ၏။ |
48. | ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ |
49. | ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ၏။ |
50. | ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟုမေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ၏။ |
51. | ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့်၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။ |
52. | ယေရှုကလည်း သင့်ထားကို သူ့နေရာ၌ပြန်ထားလော့။ ထားကိုကိုင်သောသူရှိသမျှတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။ |
53. | ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို၎င်း၊ တောင်းလျှင် ကောင်းကင်တမန်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည်မထင်သလော။ |
54. | သို့ဖြစ်လျှင် ဤသို့သော အမူအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံ အံ့နည်းဟု မိန့်တော်မူ၏။ |
55. | ထိုအခါ ယေရှုက၊ သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဘမ်းဆီးကြ။ |
56. | ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။ |
57. | ကိုယ်တော်ကို ဘမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရော ဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။ |
58. | ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်း သို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။ |
59. | ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည် အ ကြောင်းမမှန်သောသက်သေကို ရှာသော်လည်းမတွေ့ကြ။ |
60. | မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကိုမတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက် သေခံနှစ်ယောက်တို့သည် လာ၍၊ |
61. | ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင် သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။ |
62. | ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟုဆိုလျှင်၊ |
63. | ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ် ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်း ဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊ |
64. | ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။ |
65. | ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည်ဘုရားကို လွန်ကျူး၍ ပြော သောစကားကို ယခုပင် သင်တို့ ကြားရပြီ။ |
66. | အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန် ၍ စီရင်ကြ၏။ |
67. | ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။ |
68. | အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ် သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ |
69. | ပေတရုသည် ပြင်မှာအိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ၍ သင် သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင်၊ |
70. | ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။ |
71. | ထို့နောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှု နှင့်ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊ |
72. | ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တဖန်ငြင်းခုံပြန်၏။ |
73. | ထို့နောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊ |
74. | ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။ |
75. | ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ သော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။ |
← Matthew (26/28) → |