← Matthew (25/28) → |
1. | ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။ |
2. | ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ |
3. | မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ |
4. | ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ |
5. | မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ |
6. | သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ |
7. | ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။ |
8. | မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ |
9. | ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ |
10. | ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ |
11. | ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊ |
12. | အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။ |
13. | သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။ |
14. | ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊ |
15. | တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ၏။ |
16. | အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။ |
17. | ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ |
18. | အခွက်တဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကိုဝှက်ထားလေ၏။ |
19. | ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည်လာ၍ သူတို့ကိုစာရင်းယူလေ၏။ |
20. | အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။ |
21. | အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။ |
22. | အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊ |
23. | အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။ |
24. | အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ၍၊ |
25. | ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။ |
26. | အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ် မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊ |
27. | ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။ |
28. | ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ။ အခွက်တရာရှိသောသူကို ပေးကြ။ |
29. | အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ |
30. | အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။ |
31. | လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊ |
32. | ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ၍၊ |
33. | သိုးတို့ကို လက်ျာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။ |
34. | ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။ |
35. | အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။ |
36. | ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊ |
37. | ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။ |
38. | ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။ |
39. | အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍လျှောက်ကြသော်၊ |
40. | မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ |
41. | ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။ |
42. | အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး။ |
43. | ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊ |
44. | ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊ |
45. | မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ |
46. | ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။ |
← Matthew (25/28) → |