← Matthew (22/28) → |
1. | တဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊ |
2. | ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။ |
3. | ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။ |
4. | တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။ |
5. | သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။ |
6. | ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။ |
7. | ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။ |
8. | ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့်၊ |
9. | လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊ |
10. | လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။ |
11. | မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊ |
12. | အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။ |
13. | ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။ |
14. | ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။ |
15. | ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊ |
16. | မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ |
17. | သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။ |
18. | ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း။ |
19. | အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို ယူခဲ့ကြ၏။ |
20. | ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ |
21. | ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။ |
22. | ထိုသူတို့သည် ကြားရလျှင်အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။ |
23. | ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊ |
24. | အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။ |
25. | အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။ |
26. | ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ၏။ |
27. | နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။ |
28. | သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။ |
29. | ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ၏။ |
30. | ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။ |
31. | ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။ |
32. | ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။ |
33. | ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။ |
34. | ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊ |
35. | သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ |
36. | အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊ |
37. | ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ |
38. | ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ |
39. | ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ |
40. | ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ |
41. | ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။ |
42. | အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊ |
43. | သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။ |
44. | ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ |
45. | ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော်၊ |
46. | အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ။ |
← Matthew (22/28) → |