← Matthew (21/28) → |
1. | ယေရုရှလင်မြို့အနီးသို့ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ |
2. | သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။ |
3. | သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။ |
4. | ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊ |
5. | နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ |
6. | တပည့်တော်တို့သည်သွား၍ အမိန့်တော်အတိုင်းပြုသဖြင့်၊ |
7. | မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ၏။ |
8. | အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။ |
9. | ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။ |
10. | ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊ |
11. | လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။ |
12. | ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊ |
13. | ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။ |
14. | ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။ |
15. | ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ |
16. | ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ၏။ |
17. | ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။ |
18. | နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။ |
19. | လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။ |
20. | တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။ |
21. | ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ |
22. | ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
23. | ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊ |
24. | ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။ |
25. | ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ |
26. | လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ |
27. | အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။ |
28. | သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊ |
29. | သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။ |
30. | အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ၏။ |
31. | ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင်၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်တတ်ကြ၏။ |
32. | အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ။ |
33. | အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။ |
34. | အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။ |
35. | ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။ |
36. | နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။ |
37. | နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။ |
38. | ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊ |
39. | ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။ |
40. | သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။ |
41. | ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။ |
42. | ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။ |
43. | ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။ |
44. | အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။ |
45. | ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။ |
46. | ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။ |
← Matthew (21/28) → |