← Matthew (18/28) → |
1. | ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊ |
2. | သူငယ်တယောက်ကိုခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ထားပြီးမှ၊ |
3. | ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။ |
4. | ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။ |
5. | အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။ |
6. | ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ၍ကောင်း၏။ |
7. | မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ |
8. | သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။ |
9. | သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ |
10. | သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ၏။ |
11. | ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။ |
12. | အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ |
13. | တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ |
14. | ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။ |
15. | ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။ |
16. | သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။ |
17. | ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။ |
18. | ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်။ |
19. | တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ |
20. | အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။ |
21. | ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ |
22. | အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။ |
23. | ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ၏။ |
24. | စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။ |
25. | ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကို ဆပ်စေဟု သူ၏သခင်စီရင်၏။ |
26. | ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက်၊သခင်၊ ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင်၊ |
27. | သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ချမ်းသာပေးလေ၏။ |
28. | ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင်သော ကျွန်ချင်းတယောက်ကိုတွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို၏။ |
29. | ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ပြပ်ဝပ်လျက် ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊ |
30. | ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား၏။ |
31. | ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေ သမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။ |
32. | ထိုအခါ သခင်သည်ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သောကျွန်၊ သင်သည်ငါ့ကိုတောင်းပန်သော ကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။ |
33. | ငါသည်သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊ |
34. | အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ၏။ |
35. | သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ၏။ |
← Matthew (18/28) → |