← Matthew (13/28) → |
1. | ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာထိုင်နေတော်မူသည်တွင်၊ |
2. | များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်နေကြ၏။ |
3. | ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ |
4. | အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည်လာ၍ကောက်စား ကြ ၏။ |
5. | အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊ |
6. | နေထွက်သောအခါ ပူလောင်သည်ဖြစ်၍အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ |
7. | အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည်ကြီးပွား၍ ညှဉ်းဆဲကြ၏။ |
8. | အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တရာပွားများ၍ အသီးသီးကြ၏။ |
9. | ကြားစရာနားရှိသောသူ မည်သည်ကားကြားပါစေဟု မိန့်တော်မူ၏။ |
10. | တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့်ဥပမာကိုဆောင်၍ ဤလူတို့ အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊ |
11. | ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊ |
12. | အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ |
13. | ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။ |
14. | ဟေရှာယဟောဘူးသောအနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။ |
15. | အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးသည်မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ် မျက်စိကိုပိတ်လျက်ရှိကြ၏ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။ |
16. | သင်တို့မျက်စိသည် မြင်သောကြောင့်မင်္ဂလာရှိ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာ ရှိ၏။ |
17. | ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသောအရာတို့ကိုပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှါအလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ။ |
18. | မျိုးစေ့ကြဲသောသူ၏ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။ |
19. | လမ်း၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ နိုင်ငံတော်၏တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ |
20. | ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း၊ |
21. | စိတ်နှလုံး၌ အမြစ်မစွဲခဏသာတည်သဖြင့်၊ တရားစကားကြောင့်အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ |
22. | ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍လောကီအမှု၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ |
23. | ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ ၏။ |
24. | အခြားသော ဥပမာစကားကိုမိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။ |
25. | လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ကောင်းသောစပါးနှင့်လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ၌ကြဲ၍ သွားလေ၏။ |
26. | အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်းထင်ရှားလျှင်၊ |
27. | ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ် လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊ |
28. | အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊ |
29. | အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကိုရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည် စိုးရိမ် စရာအကြောင်းရှိ၏။ |
30. | စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။ |
31. | အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ |
32. | မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုဃ်းကောင်းကင်ငှက်တို့သည်လာ၍ အကိုင်းအခက်တို့၌နားနေ မှီခိုလောက်သောအပင် ဖြစ်တတ် သည်ဟု မိန့်တော်မူ၏။ |
33. | အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။ |
34. | ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိတ်သတ်များတို့အားဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊ |
35. | ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကိုဘော်ပြပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက် သတည်း။ |
36. | ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊ |
37. | ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။ |
38. | လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ်၏။ |
39. | တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ |
40. | တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။ |
41. | လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊ |
42. | ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။ |
43. | ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ။ |
44. | တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာကိုတွေ့သောသူသည် တဖန် ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကိုရောင်း၍ ထိုလယ်ကိုဝယ်တတ်၏။ |
45. | တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ၏။ |
46. | ထိုကုန်သည်သည် အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။ |
47. | တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ၏။ |
48. | ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကို ခြင်း ထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။ |
49. | ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊ |
50. | ငိုးကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။ |
51. | ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။ |
52. | ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်ဟောင်းတို့ကို ထုတ်ဘော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။ |
53. | ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။ |
54. | ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်း မောတွေဝေခြင်းရှိကြသဖြင့်၊ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။ |
55. | သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။ |
56. | သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤ အရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊ |
57. | စေတနာစိတ်ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖတ်သည် မိမိမြို့၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။ |
58. | မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။ |
← Matthew (13/28) → |