← Matthew (10/28) → |
1. | တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှါ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှါ၎င်း အခွင့်ပေးတော်မူ၏။ |
2. | တကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ |
3. | ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊ |
4. | ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်ပေတည်း။ |
5. | ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာ သို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ |
6. | ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ |
7. | သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့။ |
8. | နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။ |
9. | ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။ |
10. | လမ်းခရီးဘို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။ |
11. | မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမှီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။ |
12. | အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။ |
13. | ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ ထံသို့ ပြန်လာစေသတည်း။ |
14. | အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှ၎င်း၊ မြို့မှ၎င်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ |
15. | ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ၍ ခံရလတံ့။ |
16. | တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။ |
17. | လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ |
18. | ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ |
19. | သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။ |
20. | အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။ |
21. | ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ |
22. | လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ |
23. | တမြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည်။ |
24. | တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။ |
25. | တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည်သခင် ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။ |
26. | ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ် ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။ |
27. | မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။ |
28. | တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ |
29. | စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။ |
30. | သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ |
31. | ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။ |
32. | အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ |
33. | အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ |
34. | မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ |
35. | အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။ |
36. | ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။ |
37. | အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ |
38. | အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။ |
39. | မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ |
40. | သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ၏။ |
41. | ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတံ့၊ ဖြောင့်မတ်သောသူ၏မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ၏အကျိုးကို ခံရလတံ့။ |
42. | အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။ |
← Matthew (10/28) → |