← Mark (9/16) → |
1. | ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ |
2. | ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူ မပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ |
3. | အဝတ်တော်လည်း ပြောင်လက်လျှက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုဃ်းပွင့် ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။ |
4. | မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။ |
5. | ထိုအခါ ပေတရုက အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ ၏။ |
6. | တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက် သတည်း။ |
7. | ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နား ထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။ |
8. | ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတယောက် တည်းမှတပါး အဘယ်သူကိုမျှ မမြင်ကြ။ |
9. | တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။ |
10. | တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။ |
11. | ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊ |
12. | ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။ |
13. | ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာရေးထားသည်အတိုင်း လူ များသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။ |
14. | တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။ |
15. | စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး၍ နှုတ်ဆက်ကြ၏။ |
16. | ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင်၊ |
17. | လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။ |
18. | နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာ လှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော်၊ |
19. | ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရ မည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ သည်အတိုင်း၊ |
20. | ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။ |
21. | ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။ |
22. | သူငယ်ကို သေစေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော် သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ကယ်တော်မူပါဟု လျှောက်လေ၏။ |
23. | ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။ |
24. | သူငယ်၏အဘသည် ချက်ခြင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။ |
25. | ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အ သောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့် တော်မူသဖြင့်၊ |
26. | နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။ |
27. | ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည်ထလေ၏။ |
28. | အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ် နိုင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ |
29. | ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိုင်ဟု မိန့်တော်မူ၏။ |
30. | ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှ သိစေခြင်းငှါ အလို တော်မရှိ။ |
31. | အကြောင်းမူကား၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ |
32. | ခံပြီးမှသုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။ |
33. | ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊ |
34. | သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်းငြင်းခုံကြ၏။ |
35. | ထိုအခါကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည် သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။ |
36. | သူငယ်တယောက်ကိုလည်းယူ၍ သူတို့ အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊ |
37. | အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ၏။ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ် တော် မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။ |
38. | ယောဟန်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည်အကျွန်ုပ်တို့နှင့် အတူမလိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟု လျှောက်လေသော်၊ |
39. | ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ။ |
40. | သင်တို့၏ရန်သူဘက်၌မရှိသောသူသည် သင်တို့ ဘက်၌ရှိ၏။ |
41. | သင်တို့သည်ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲနေရာ၊ ငါအမှန်ဆို၏။ |
42. | ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။ |
43. | သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။ |
44. | ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ |
45. | သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။ |
46. | ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။ |
47. | သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။ |
48. | ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။ |
49. | ယဇ်ယောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။ |
50. | ဆားသည်ကောင်း၏သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန် မည်နည်း။ သင်တို့၌ဆားရှိစေကြလော့။ အချင်းချင်း အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။ |
← Mark (9/16) → |