← Mark (4/16) → |
1. | နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံ တော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင်လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာနေကြ၏။ |
2. | ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍မြွက်ဆိုတော်မူသည်မှာ၊ |
3. | နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ |
4. | အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။ |
5. | အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊ |
6. | နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ |
7. | အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။ |
8. | အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။ |
9. | ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ |
10. | ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထို ဥပမာကို မေးမြန်းကြလျှင်၊ |
11. | ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။ |
12. | ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည် ဘဲ ကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။ |
13. | သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။ |
14. | မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။ |
15. | တရားစကားကို လမ်း၌ကြဲခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန် သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ |
16. | ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း၊ |
17. | စိတ်နှလုံး၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ |
18. | ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍၊ |
19. | လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ |
20. | ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။ |
21. | ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့ သလော။ |
22. | ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည်။ |
23. | ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။ |
24. | ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။ |
25. | အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။ |
26. | ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ်၊ |
27. | ညဉ့်၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံ တော်တူ၏။ |
28. | မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။ |
29. | အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ၏။ |
30. | ထိုမှတပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား၊ |
31. | မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊ |
32. | မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။ |
33. | ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။ |
34. | ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ၏။ |
35. | ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊ |
36. | တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။ |
37. | ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။ |
38. | ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော်၊ |
39. | ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။ |
40. | ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊ |
41. | သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ |
← Mark (4/16) → |