← Mark (14/16) → |
1. | ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်ရအံ့နည်းဟု ရှာကြံကြ၏။ |
2. | သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ၏။ |
3. | ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော်ရှိတော်မူသည်ဖြစ်၍၊ မိန်းမတယောက် သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မစဉ်၊ ကျောက်ဖြူခွင်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။ |
4. | အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း။ |
5. | ဒေနာရိအပြားသုံးရာမကသော အဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကိုအပြစ်ထင်ကြ၏။ |
6. | ယေရှုကလည်းထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။ |
7. | ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အားကျေးဇူးပြုနိုင် ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။ |
8. | ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ၊ ငါ့ကိုယ်ကို ဆီမွှေး နှင့် လူးနှင့်သတည်း။ |
9. | ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟုမိန့်တော်မူ၏။ |
10. | ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။ |
11. | ထိုသူတို့သည် ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။ |
12. | ပသခါသိုးငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံတော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊ |
13. | ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊ |
14. | သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည် တို့နှင့်တကွ ပသခါပွဲကို စားရသောဧည့်သည် အခန်း ကား၊ အဘယ်မှရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။ |
15. | ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။ |
16. | တပည့်တော်တို့သည်သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။ |
17. | ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။ |
18. | စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင်၊ |
19. | တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ၏။ |
20. | ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပုန်ကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။ |
21. | ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကို မခံရလျှင်အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။ |
22. | ထိုအခါစားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့် ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။ |
23. | ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။ |
24. | ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။ |
25. | ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။ |
26. | ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။ |
27. | ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။ |
28. | သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊ |
29. | ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက် လေ၏။ |
30. | ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊ |
31. | ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ |
32. | ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤ အရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ |
33. | ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။ |
34. | ထိုအခါ ငါသည်သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊ |
35. | ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပြပ်ဝပ်၍ အိုအဘခမည်းတော်၊ |
36. | ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊ |
37. | ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။ |
38. | စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအားမိန့်တော်မူပြီးမှ၊ |
39. | တဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။ |
40. | ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။ |
41. | သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန် ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။ |
42. | ထကြ။ ငါတို့သည်သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ |
43. | ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ် ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ။ လူအပေါင်းတို့သည် ထားနှင့်ဒုတ်များကိုကိုင်လျက် ချက်ခြင်းလာကြ၏။ |
44. | ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်း၍ လုံခြုံစွာ ဆောင် သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ |
45. | သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။ |
46. | ထိုသူတို့သည် လာ၍ ကိုယ်တော်ကိုဆွဲကိုင် ဘမ်းဆီးကြ၏။ |
47. | အနား၌ ရပ်နေသော သူတယောက်သည် ထားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တ ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။ |
48. | ယေရှုကလည်း သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက် စွဲလျက်လာကြသည်တကား၊ |
49. | ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊ |
50. | ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။ |
51. | ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီး ကြ၏။ |
52. | သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။ |
53. | ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ် အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။ |
54. | ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာ လိုက် ပြီးလျှင်၊ မင်းလုလင်တို့နှင့်တအူထိုင်၍မီးလှုံလေ၏။ |
55. | ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက် သေကို ရှာသော်လည်းမတွေ့ကြ။ |
56. | လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။ |
57. | အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊ |
58. | ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။ |
59. | သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။ |
60. | ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တပ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊ |
61. | ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မြေးပြန်လျှင်၊ |
62. | ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။ |
63. | ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း။ |
64. | ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်း လျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။ |
65. | ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏။ |
66. | ပေတရုသည်အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်သည် လာ၍၊ |
67. | ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊ |
68. | ပေတရုက၊ သင်ပြောသောအရာကိုငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။ |
69. | နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော်။ |
70. | ပေတရုသည် တဖန်ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊ |
71. | ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ကျိန်ဆိုသည်နောက်၊ |
72. | တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။ |
← Mark (14/16) → |