← Mark (11/16) → |
1. | ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်သနိရွာသို့ရောက်ကြသေအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တောမမူ၍၊ |
2. | သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ဆောင်ခံကြ။ |
3. | သူတပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် သူတို့သည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။ |
4. | တပည့်တော်တို့သည်သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသောမြည်းကလေးကို တွေ့ပြီးလျှင် မြည်း ကြိုးကို ဖြည်ကြ၏။ |
5. | ထိုအရပ်၌ ရပ်နေသောလူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟုဆိုလျှင်၊ |
6. | ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။ |
7. | ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။ |
8. | လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ်၍ လမ်း၌ ခင်းကြ၏။ |
9. | ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွတော်မူ သောသူသည် မင်္ဂလာရှိစေသတည်း။ |
10. | ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။ |
11. | ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော်သို့၎င်း ဝင်၍အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။ |
12. | နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။ |
13. | အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင်။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မ ရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ |
14. | ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ကြားကြ၏။ |
15. | ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲ တော်မူ၍၊ |
16. | ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော် မူလျက်၊ |
17. | ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။ |
18. | ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည်ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ |
19. | ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ |
20. | နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။ |
21. | ပေတရုသည် သတိရလျှင်၊ အရှင်ဘုရားကြည့်တော်မူပါ။ ကျိန်းတော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။ |
22. | ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့။ |
23. | ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံ ကြည်လျက်။ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့် မည်။ |
24. | ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။ |
25. | သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ |
26. | သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။ |
27. | ယေရုရှလင်မြို့သို့ တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊ |
28. | ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုသောအခွင့်ကို အဘယ်သူပေး သနည်းဟု မေးလျှောက်ကြသော်၊ |
29. | ယေရှုက၊ ငါသည်တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါပြောမည်။ |
30. | ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။ ဤအမေးကို ဖြေကြလော့ ဟု မိန့်တော်မူ၏။ |
31. | ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည်။ |
32. | လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက် အမှန်ဖြစ်သည် ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ |
33. | အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။ |
← Mark (11/16) → |