Mark (1/16) → |
1. | ဘုရားသခင်သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။ |
2. | အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ |
3. | တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ၊ |
4. | ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။ |
5. | ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။ |
6. | ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။ |
7. | ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြတ်ခြင်းငှါ ငါမထိုက်။ |
8. | ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။ |
9. | ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။ |
10. | ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်း သက်တော်မူသည်ကို မြင်ရ၍၊ |
11. | သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။ |
12. | ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ၏။ |
13. | အရက်လေးဆယ်ပတ်လုံးထိုတော၌ နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။ |
14. | ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊ |
15. | အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။ |
16. | ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ |
17. | ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော်၊ |
18. | ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ |
19. | ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။ |
20. | ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ |
21. | ကပေရေနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်းတရားစရပ်သို့ဝင်၍ ဆုံးမ ဩဝါဒပေးတော်မူ၏။ |
22. | ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်း ပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။ |
23. | ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသောနတ်စွဲသောသူရှိ၍၊ |
24. | ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။ |
25. | ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ |
26. | ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ထွက်သွား၏။ |
27. | လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။ |
28. | သိတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်းနှံ့ပြားကျော်စောလေ၏။ |
29. | တရားစရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ ၏။ |
30. | ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန်လျှောက်ကြ၏။ |
31. | ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏခြင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ |
32. | နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊ |
33. | တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။ |
34. | အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မူ၏။ |
35. | နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော် မူ၏။ |
36. | ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊ |
37. | ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟုလျှောက်ဆို၏။ |
38. | ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ၍၊ |
39. | ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။ |
40. | နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။ |
41. | ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျှက်၊ ငါအလိုရှိ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။ |
42. | ထိုသို့ မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။ |
43. | ယေရှုကလည်း၊ သင်သတိပြု။ |
44. | အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။ |
45. | ထိုသူသည်ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ၏။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ။ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။ |
Mark (1/16) → |