← Luke (8/24) → |
1. | ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ |
2. | တကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါ ဘေးနှင့် ကင်းလွတ်စေသော်မူသောမိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သာမာရိ၊ |
3. | ဟေရုဒ်မင်း၏ စားတော်ကဲခုဇ၏မယား ယောဟန္နနှင့်ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ် ကျွေးသော အခြားမိန်းမအများပါကြ၏။ |
4. | များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသော အခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊ |
5. | မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့ တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ |
6. | အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသော ကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ |
7. | အချို့သောအပင်တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။ |
8. | အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍အဆပွါးများ၍ အသီးသီးကြ ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာရှိသော သူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။ |
9. | တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊ |
10. | ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ |
11. | ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ |
12. | လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက် စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း။ |
13. | ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။ |
14. | ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကိုကြားသည်ရှိသော်၊ လောကီစိုးရိမ်းခြင်း၊ စည်းစိမ်ကြွယ်ဝ ခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကိုဆိုလိုသတည်း။ |
15. | ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။ |
16. | ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ |
17. | ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့် လင်းလိမ့်မည်။ |
18. | ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင် သူသည် ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။ |
19. | ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ၏။ |
20. | လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊ |
21. | ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။ |
22. | တနေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။ |
23. | အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့်ပြည့်သောကြောင့် ဘေးရောက်လု၏။ |
24. | တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။ |
25. | ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ရေကိုပင်မှာထားတော်မူ၍၊ သူတို့ သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ |
26. | ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊ |
27. | ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြု လေ၏။ |
28. | ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ သည်ဟု ကြီးသောအသံနှင့်အော်ဟစ်၍ လျှောက်လေ၏။ |
29. | လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကိုအဖန်များစွာဘမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကို ဆွဲဖြတ်၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ် တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။ |
30. | ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိ သနည်းဟုမေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊ |
31. | အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ |
32. | ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။ |
33. | နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။ |
34. | ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြော ကြသော်၊ |
35. | လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။ အထံတော်သို့ ရောက်သော အခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့်ယေရု၏ ခြေတော်ရင်း၌ ထိုင်နေသည် ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ |
36. | နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊ |
37. | ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။ |
38. | နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊ |
39. | ယေရှုက၊ သင်သည်ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူး ပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှ လောက် ကျေးဇူးပြုတော်မူသည်ကို တမြို့လုံးတွင် အနှံ့အပြားသိတင်းကြားပြောလေ၏။ |
40. | ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမြော်လင့်လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။ |
41. | ထိုအခါယာဣရု အမည်ရှိသောတရားစရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ |
42. | တဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌တယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိ အိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။ |
43. | ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အား ပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတယောက်သည်၊ |
44. | နောင်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့သဖြင့်၊ ထိုခဏခြင်းတွင် သွေးသွန်အနာ ပျောက်လေ၏။ |
45. | ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြ သည်ဖြစ်၍၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ၏။ |
46. | ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။ |
47. | ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်း ကြောင့် တို့သည်ကို၎င်း၊ ချက်ခြင်းချမ်းသာရသည်ကို၎င်း၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ၏။ |
48. | ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီး။ ငြိမ်ဝပ် စွာသွားလော့ဟု မိန့်တော်မူ၏။ |
49. | ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို၏။ |
50. | ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလာ့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏။ |
51. | အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့်မိန်းမငယ်၏မိဘမှတပါး အဘယ်သူကိုမျှ အထဲ သို့မဝင်စေခြင်းငှါ ဆီးတားတော်မူ၏။ |
52. | လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊ |
53. | သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။ |
54. | ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ် တော်မူသည်တွင်၊ |
55. | စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။ |
56. | သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။ ထို အမှုအရာကို အဘယ်သူအားမျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။ |
← Luke (8/24) → |