← Luke (24/24) |
1. | ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။ |
2. | ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ ဝင်သော်၊ |
3. | သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။ |
4. | ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက် ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။ |
5. | ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင် ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။ |
6. | ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ |
7. | လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊ |
8. | ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊ |
9. | သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။ |
10. | ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ သောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများဖြစ်သတည်း။ |
11. | သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။ |
12. | သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။ |
13. | ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသောဧမောက် အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊ |
14. | ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ |
15. | ထိုသို့ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။ |
16. | ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။ |
17. | ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကားကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊ |
18. | သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခု အခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။ |
19. | ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိ နှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။ |
20. | ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့ မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။ |
21. | ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြ ပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။ |
22. | ငါတို့၏အပေါင်းအဘော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊ |
23. | အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသောကောင်းကင် တမန်ထင်ရှားရာ ရူပါရုံကို မိမိတို့ မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။ |
24. | ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။ |
25. | ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာ သောသူတို့၊ |
26. | ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။ |
27. | ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။ |
28. | ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကို လွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊ |
29. | ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ ကိုယ် တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။ |
30. | စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့ အား ပေးတော်မူသည်တွင်၊ |
31. | သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော် မူ၏။ |
32. | တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသော အခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။ |
33. | ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။ |
34. | စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော် မူပြီဟု ပြောဆိုလျှင်၊ |
35. | ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကို၎င်း၊ ပြန်ကြားကြ၏။ |
36. | ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ |
37. | တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ |
38. | ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ |
39. | ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ |
40. | လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ |
41. | ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ |
42. | ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ |
43. | ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။ |
44. | တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကို ရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။ |
45. | ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊ |
46. | ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ |
47. | ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ |
48. | သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။ |
49. | ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ |
50. | ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကို ချီ၍ ကောင်းကြီးပေးတော်မူ၏။ |
51. | ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ |
52. | တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။ |
53. | ဘုရားသခင်ကို အံ့ဩချီးမွန်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။ |
← Luke (24/24) |