← Luke (19/24) → |
1. | ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ ရှောက်သွားတော်မူ၏။ |
2. | ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။ |
3. | ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။ |
4. | ထို့ကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှါ သဖန်းပင်တပင်ကို တက်လေ၏။ |
5. | ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊ |
6. | ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင် အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။ |
7. | ထိုအကြောင်း။ကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏ အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။ |
8. | ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံ တယောက်သောသူ၏ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ |
9. | ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ |
10. | လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ၏။ |
11. | ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိတ်သတ်အလယ်၌ မိန့်တော်မူသော ဥပမာကား၊ |
12. | အမတ်တယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။ |
13. | မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။ |
14. | ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။ |
15. | ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။ |
16. | ပဌမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊ |
17. | သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုး လော့ဟု မိန့်တော်မူ၏။ |
18. | ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊ |
19. | သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။ |
20. | အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတပိဿာ ရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊ |
21. | ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ရိတ်တတ်သည်ကို အကျွန်ုပ် ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊ |
22. | သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်ပျိုးသော လယ်၌ရိတ်သည်ကို သင်သိသည်မှန်လျှင်၊ |
23. | ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အဘိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊ |
24. | အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှ နှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့် တော်မူ၏။ |
25. | အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊ |
26. | ငါဆိုသည်ကား၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ |
27. | ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။ |
28. | ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။ |
29. | သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူ သော အခါ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ |
30. | သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဘူးသောမြည်းကလည်း ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။ |
31. | သူတပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ၏။ |
32. | ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။ |
33. | မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊ |
34. | သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊ |
35. | မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ |
36. | ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။ |
37. | သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့ မြင်ခဲ့ပြီးသောတန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ |
38. | ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။ |
39. | လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊ |
40. | ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
41. | ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊ |
42. | အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည် သိရလျှင်မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထား လျက် ရှိ၏။ |
43. | အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊ |
44. | သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။ |
45. | ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊ |
46. | ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ထားပြ တွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။ |
47. | ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြု ဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊ |
48. | လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ မရကြ။ |
← Luke (19/24) → |