← Luke (12/24) → |
1. | ထိုအခါ အတိုင်းမသိများစွာသော လူတို့သည်စုဝေး၍ အချင်းချင်း နင်းမိမတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။ |
2. | ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။ |
3. | မှောင်မိုက်၌ သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည်အလင်း၌ နားကြားကြလိမ့်မည်။ သင်တို့သည် အခန်းထဲမှာ နားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။ |
4. | ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။ |
5. | အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။ |
6. | စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ |
7. | သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့ သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။ |
8. | ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့ မှာ လူသားသည် ထိုသူကိုဝန်ခံမည်။ |
9. | အကြင်သူသည် လူတို့ရှေ့မှာငါကိုငြင်းပယ်အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ ရှေ့မှာထိုသူကို ငါငြင်းပယ်မည်။ |
10. | လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။ |
11. | သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူး၊ မင်းများရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန် ပြောရမည်ကို မစိုးရိမ်ကြနှင့်။ |
12. | အကြောင်းမူကား၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံ ပေးမည်ဟု မိန့်တော်မူ၏။ |
13. | လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ် အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊ |
14. | ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ် ပေးသနည်းဟု မေးတော်မူ၏။ |
15. | ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။ |
16. | တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။ |
17. | ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။ |
18. | ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။ |
19. | ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ |
20. | ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။ |
21. | ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။ |
22. | တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဘို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။ |
23. | အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။ |
24. | ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါး ကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။ |
25. | အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တထောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ |
26. | ထိုသို့ အငယ်ဆုံးသောအမှုကိုမျှမတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ |
27. | နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါမငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တပင်မျှ၏အဝတ်ကို မမှီဟု ငါဆို၏။ |
28. | ယုံကြည်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင် ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်း တော်မူမည်မဟုတ်လော။ |
29. | ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေ နှောက်ခြင်းလည်း မရှိကြနှင့်။ |
30. | ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ |
31. | သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတံ့။ |
32. | သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှါ အလို ရှိတော်မူ၏။ |
33. | သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင် သော ဘဏ္ဍာကို ဆည်းဖူးကြလော့။ |
34. | အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက် တတ်၏။ |
35. | သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊ |
36. | သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။ |
37. | အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။ |
38. | နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ၏။ |
39. | အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ၏။ |
40. | ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။ |
41. | ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊ |
42. | သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။ |
43. | အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာ ရှိ၏။ |
44. | ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။ |
45. | သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။ |
46. | ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့။ |
47. | အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။ |
48. | သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။ |
49. | မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ၏။ |
50. | ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။ |
51. | မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို၏။ |
52. | အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တအိမ်၌နေသော လူငါးယောက်တို့သည် နှစ်ယောက်တစု သုံးယောက်တစုအချင်းချင်း ကွဲပြားလိမ့်မည်။ |
53. | အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။ |
54. | တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။ |
55. | တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။ |
56. | လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခု ကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။ |
57. | ထိုမှတပါးဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။ |
58. | သင်သည်တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း၌ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီးရှေ့သို့ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း၌အပ်၍၊ လုလင် ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။ |
59. | လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။ |
← Luke (12/24) → |