← Luke (11/24) → |
1. | တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော် တ ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊ |
2. | ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင် ပါစေသော။ |
3. | အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေး လောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။ |
4. | အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်သည်လွှတ်သောကြောင့်၊ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။ |
5. | တဖန်မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်း ခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊ |
6. | အကျွန်ုပ်အဆွခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာ မရှိသောကြောင့် မုန့်သုံးလုံးချေးနှင့် ပါဟုဆိုသော်၊ |
7. | အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ရှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိ ကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊ |
8. | ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။ |
9. | တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ |
10. | တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ |
11. | သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။ |
12. | ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။ |
13. | သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။ |
14. | တရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသောသူ သည် စကားပြော၏။ အစုအဝေးတို့သည်လည်း အံ့ဩကြ၏။ |
15. | အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ |
16. | အချို့တို့သည်လည်း၊ စုံစမ်းနှောက်ယှက်ခြင်းငှါ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။ |
17. | ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊ အိမ်မည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲလိမ့်မည်။ |
18. | ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန် သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။ |
19. | ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ထိုကြောင့် သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြ လိမ့်မည်။ |
20. | ငါသည် ဘုရားသခင်၏ လက်ညိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော်တည်ချိန် ရောက်လေပြီ။ |
21. | သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။ |
22. | သူ့ထက် တတ်စွမ်းနိုင်သောသူသည်လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကို သိမ်း ယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။ |
23. | ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။ |
24. | ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟုဆို၍၊ |
25. | ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော်၊ |
26. | မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏၊ ထို လူ၏နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူ၏။ |
27. | ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သော ဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊ |
28. | ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။ |
29. | လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။ |
30. | ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။ |
31. | တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။ |
32. | တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။ |
33. | ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ |
34. | ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည်။ |
35. | ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့။ |
36. | အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက် ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ |
37. | ထိုသို့မိန့်တော်မူစဉ်တွင် ဖရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။ |
38. | အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။ |
39. | သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။ |
40. | လူမိုက်တို့၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ |
41. | သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်။ |
42. | ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုးကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ |
43. | ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားစရပ်၌ မြင့်မြတ်သောနေရာ ထိုင် ရာကို၎င်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း နှစ်သက်ကြ၏။ |
44. | သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။ |
45. | ကျမ်းတတ်တယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ ၏ဟု လျှောက်သော်၊ |
46. | ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသော ဝန်ကိုသူတပါး အပေါ်မှာ တင်တတ်၏။ |
47. | ကိုယ်လက်ဖျားနှင့်မျှမတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သင်္ချိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။ |
48. | အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကိုလက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက် များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။ |
49. | ထိုကြောင့်၊ ဘုရားသခင်၏ ဉာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြ လိမ့်မည်။ |
50. | ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။ |
51. | ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည်။ |
52. | ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သော သော့ကို သိမ်းထား ကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။ |
53. | ထိုသို့ ပရိတ်သတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌အပြစ် တင်ခွင့်ကို ရမည်အကြောင်း၊ |
54. | ချောင်းမြောင်းလျက် စကားတော်ကိုဘမ်းခြင်းငှါ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။ |
← Luke (11/24) → |