← Leviticus (4/27) → |
1. | တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင်၊- |
2. | တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင်၊- |
3. | ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ - |
4. | ပရိသတ်စည်းဝေးရာ တဲတော် တဲခါးနား၊ ထာဝရဘုရားရှေ့တော် သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား ဆက်ရမည်။ |
5. | ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်၊ နွား၏ အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊- |
6. | မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။ |
7. | တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာ ပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်၍၊ ကြွင်းသော အသွေးကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာ ယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။ |
8. | မိဿဟာယယဇ် ပြုသော နွား၏ဆီဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာ ယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊- |
9. | ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊ |
10. | မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။ |
11. | နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသားရှိသမျှ တည်းဟူသော၊- |
12. | နွာတကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌ မီးရှို့ရမည်။ ပြာသွန်း၍ ထားရာအရပ်၌ မီးရှို့ရမည်။ |
13. | ဣသရေလအမျိုးသား ပရိအပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက် လျှင်၊- |
14. | ထိုသို့ ပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွားထီးကို၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ဆက်ရမည်။ |
15. | ပရိသတ်တွင် အသက်ကြီးသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်၍၊ ထိုနွားကို ရှေ့တော်၌ သတ်ရကြမည်။ |
16. | ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ ပြီးလျှင်၊- |
17. | မိမိလက်ညှိုးကို အသွေး၌ နှစ်၍၊ ကုလားကာရှေ့ ထာဝရရှေ့တော်၌ ခုနစ်ကြိမ် ဖြန်းရမည်။ |
18. | တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကို ထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။ |
19. | နွားဆီဥ ရှိသမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ |
20. | အပြစ်ဖြေရာ ယဇ်ပြုသော နွားကို ပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကို ပြုသဖြင့်၊ ယဇ်ပုရောဟိတ် သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။ |
21. | ထိုနောက်မှ နွားကို တပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဘို့ အပြစ်ဖြေစရာ ယဇ်ဖြစ်သတည်း။ |
22. | မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊- |
23. | မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည်။ |
24. | ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း။ |
25. | ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏ အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။ |
26. | မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။ |
27. | ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား၍၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊- |
28. | မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကို ဆောင်ခဲ့ရမည်။ |
29. | အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ ထိုဆိတ်ကို သတ်ရမည်။ |
30. | ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။ |
31. | မိဿဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။ |
32. | သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။ |
33. | အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကို တင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။ |
34. | ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင် ခြေရင်းနား၌ သွန်ရမည်။ |
35. | မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။ |
← Leviticus (4/27) → |