← Leviticus (2/27) → |
1. | ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊ |
2. | အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကို ယူ၍၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။ |
3. | ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။ |
4. | မီးဖို၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော်၎င်း၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။ |
5. | သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည်။ |
6. | ထိုမုန့်ကို ချိုးဖဲ့၍ ဆီကို လောင်းရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။ |
7. | အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည်။ |
8. | ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။ |
9. | ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။ |
10. | ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။ |
11. | ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီးမရှို့ရ။ ပျားရည်ကိုလည်း မရှို့ရ။ |
12. | အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ။ |
13. | ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။ |
14. | အဦးသီးသော အသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ် အောင် မီးနားမှာ ထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊- |
15. | ဆီကိုလောင်း၍၊ လောဇန်ကိုတင်လျက်၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။ |
16. | ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။ |
← Leviticus (2/27) → |