| ← Leviticus (17/27) → | 
| 1. | တဖန်မောရှေအား ထာဝရဘုရားက၊ | 
| 2. | သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ | 
| 3. | ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊ | 
| 4. | ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။ | 
| 5. | ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။ | 
| 6. | ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။ | 
| 7. | သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ | 
| 8. | ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊- | 
| 9. | ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။ | 
| 10. | ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ | 
| 11. | အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။ | 
| 12. | ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ | 
| 13. | ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။ | 
| 14. | အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။ | 
| 15. | အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။ | 
| 16. | အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။ | 
| ← Leviticus (17/27) → |