← Leviticus (16/27) → |
1. | အာရုန်၏ သားနှစ်ယောက်တို့သည်၊ ထာဝရဘုရားရှေ့တော်၌ ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊- |
2. | သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာ တင်သောအဖုံးကို ကွယ်ကာသော ကုလားကာ အတွင်းသို့ အခါခပ်သိမ်း မဝင်စေ ခြင်းငှါ ဆင့်ဆိုလော့။ ငါသည် သေတ္တာအဖုံးအပေါ်၊ မိုဃ်းတိမ်၌ ထင်ရှားမည်။ |
3. | အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင် ပါရမည်။ |
4. | သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ်ဆင်ရမည်။ |
5. | အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည်။ |
6. | အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ |
7. | ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။ |
8. | အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့ စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့ တတံ၊ စာရေးတံနှစ်တံချ၍၊ |
9. | ထာဝရဘုရားအဘို့ စာရေးတံကျသော ဆိတ်ကို ဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည်။ |
10. | လွတ်လပ်လဟာအဘို့ စာရေးတံကျသော ဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။ |
11. | အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။ |
12. | ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင် မီးခဲနှင့် ပြည့်သောလင်ပန်းကို ကိုင်လျက်၊ ညက်စွာသော နံ့သာ ပေါင်းမွှေးအမှုန့်ကို မိမိလက်၌ အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။ |
13. | ထိုအခါ သူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံ ချက် အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှါ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာ တင်ရမည်။ |
14. | နွားအသွေးအချို့ကိုလည်း ယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံး ရှေ့၌လည်း ခုနှစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။ |
15. | ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်းရမည်။ |
16. | ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလအမျိုးသား တို့၏ မစင်ကြယ်သော အပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ပြုရမည်။ |
17. | သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သောအခါ၊ မိမိအဘို့၊ မိမိအိမ်သူအိမ် သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာ တဲတော်ထဲမှာ အဘယ်သူမျှ မနေရ။ |
18. | နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ ထည့်ရမည်။ |
19. | ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင်အောင် ဖြန်း၍ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။ |
20. | ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ |
21. | အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုး သားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။ |
22. | သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။ |
23. | တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သောအခါ၊ ဝတ်သော ပိတ်ချော အဝတ်ကို ချွတ်၍ ထိုအရပ်၌ ထားရမည်။ |
24. | သန့်ရှင်းရာ ဌာန၌ ကိုယ်ကို ရေချိုး၍၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ |
25. | အပြစ်ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ |
26. | လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုး ရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။ |
27. | သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို၎င်း၊ အပြစ်ဖြေရာယဇ် ဆိတ်ကို၎င်း၊ တပ်ပြင်သို့ ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။ |
28. | မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။ |
29. | သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။ |
30. | အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်းကို ပြုရမည်။ |
31. | ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသော နေ့ ဖြစ်သတည်း။ |
32. | အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှါ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည်။ ထိုယဇ်ပုရောဟိတ် သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကို ဝတ်၍၊- |
33. | သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ ယဇ်ပုရောဟိတ် များအဘို့၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ |
34. | ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။ |
← Leviticus (16/27) → |