← Leviticus (13/27) → |
1. | တဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ |
2. | လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို့ ဖြစ်စေ ခေါ်ခဲ့ရမည်။ |
3. | ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ ပေါ်သော အနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည် ဖြူလျှင်၎င်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်၎င်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟု စီရင်ရမည်။ |
4. | ကိုယ်အရေ၌ရှိသော နူကွက်သည် ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည်။ |
5. | သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
6. | တဖန် သတ္တမနေ့၌ ကြည့်ရှု၍ အနာသည် အရေ၌ မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။ |
7. | စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ် ပုရောဟိတ်ကြည့်ရှုပြန်၍၊- |
8. | ယားနာ တိုးပွားသည်ကိုမြင်သောအခါ၊ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။ |
9. | နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ရမည်။ |
10. | ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသော အဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌ အသားစိုရှိလျှင်၎င်း၊- |
11. | ကိုယ်အရေ၌ ဟောင်းသော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။ |
12. | နူနာသည် အရေ၌ တိုးပွား၍ အနာစွဲသော သူတကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှု လေရာရာ၌ နူနာနှံ့ပြားလျှင်၊ - |
13. | ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍ စီရင်ရမည်။ တကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။- |
14. | သို့မဟုတ် အသားစိုပေါ်လျှင် မစင်ကြယ်။ |
15. | ယဇ်ပုရောဟိတ်သည် အသားစိုကို ကြည့်ရှု၍ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။ |
16. | အသားစိုသည် ခြားနား၍ ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တဖန်လာရမည်။ |
17. | ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူ စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည် စင်ကြယ်၏။ |
18. | ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ ပျောက်ပြီးမှ၊- |
19. | အနာရွတ်၌ ဖြူသောအဖူးဖြစ်စေ၊ ဖြူနီသော အနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ |
20. | အရေအောက်၌ စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်းထဲက ထွက်သော နူနာဖြစ်၏။- |
21. | ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်း ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
22. | အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။ |
23. | သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။ |
24. | အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာ အသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊- |
25. | ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာ ထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာမှန်၏။ |
26. | ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ဖြူသော အမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
27. | သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ နူကွက်သည် အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။ |
28. | သို့မဟုတ် နူကွက်မရွေ့ အရေ၌မတိုးပွား ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာ အဖူးဖြစ်၏။ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။ |
29. | ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊- |
30. | ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူ မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။ |
31. | ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သော အမွေး လည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
32. | သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာမတိုးပွား၊ ပါးသောအမွှေးမရှိ၊ အရေအောက်၌ စွဲဟန်လည်းမရှိလျှင်၊- |
33. | ထိုသူ၏ အမွေးကို ရိတ်ရမည်။ အနာအမွေးကိုကား မရိတ်ရ။ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
34. | သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အရေ၌ အနာမတိုးပွါး၊ အရေအောက်၌ မစွဲလျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။ |
35. | စင်ကြယ်စေပြီးမှ၊ နောက်တဖန် ဗောက်နူနာတိုးပွါးလျှင်၊- |
36. | ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍ အနာတိုးပွါးသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေး ကို မရှာရ။ ထိုသူသည် မစင်ကြယ်။ |
37. | သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သော အမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည် စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟု စီရင်ရမည်။ |
38. | ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ ဖြူသောနူကွက်ရှိ၍၊- |
39. | ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သော ညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။ |
40. | ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။ |
41. | နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ်၏။ |
42. | ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။ |
43. | ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ ပေါက်သော အနာ၏အဖူးဖြူနီလျှင်၊- |
44. | ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌ အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ |
45. | နူနာစွဲသောသူသည် စုတ်သော အဝတ်ကို ဝတ်ရမည်။ ခေါင်းကို မဖုံး၊ အထက်နှုတ်ခမ်းကို ဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။ |
46. | ထိုအနာစွဲသည် ကာလပတ်လုံး၊ သူသည် ညစ်ညူး၏ မစင်ကြယ်သည်ဖြစ်၍ တယောက်တည်း နေရမည်။ သူ့နေရာသည် တပ်ပြင်မှာ ရှိရမည်။ |
47. | ၎င်းနည်းနူနာစွဲသော အဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွေးအဝတ်ဖြစ်စေ၊- |
48. | ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အသုံးအဆောင် ဖြစ်စေ၊- |
49. | အဝတ်၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။ |
50. | ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကို ကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာ ထားရမည်။ |
51. | သတ္တမနေ့၌ တဖန်ကြည့်ရှု၍ အဝတ်၌ အနာတိုးပွါးလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ၊ မစင်ကြယ်။ စားတတ်သော နူနာစွဲပြီ။ |
52. | ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သော နူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။ |
53. | ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာမတိုးပွါးလျှင်၊- |
54. | အနာစွဲသောအရာကို ဆေးလျော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ် စီရင်၍ တဖန် ခုနစ်ရက်ပတ် လုံး လုံခြုံစွာ ထားရမည်။ |
55. | ဆေးလျှော် ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။ |
56. | ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည်။ |
57. | နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာ ဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။ |
58. | ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက် လျှင်၊ ဒုတိယအကြိမ် ဆေးလျှော်၍ စင်ကြယ်ရ၏။ |
59. | ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။ |
← Leviticus (13/27) → |