← Judges (9/21) → |
1. | ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊ |
2. | ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။ |
3. | ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟုဆိုလျှက် သူ့နောက်သို့ လိုက်ချင်သော စိတ်နူးညွတ်သဖြင့်၊ |
4. | ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး၍ အမှုကို ထမ်းစေ၏။ |
5. | တဖန် ဩဖရမြို့၌ ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။ |
6. | ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။ |
7. | ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။ |
8. | သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊ |
9. | သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ |
10. | တဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊ |
11. | သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ |
12. | တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက် ကြလျှင်၊ |
13. | စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ |
14. | တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊ |
15. | ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန် အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။ |
16. | ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။ |
17. | ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။ |
18. | သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခု ပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သော သားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သော ကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။ |
19. | ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။ |
20. | သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊ |
21. | အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍ နေလေ၏။ |
22. | အဘိမလက်သည် ဣသရေလအမျိုးကို အုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊ |
23. | ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သား စပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကို ဖျက်ကြ၏။ |
24. | အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာ ပြု၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။ |
25. | ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည်ကြား ၏။ |
26. | ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ၏။ |
27. | ဥယျာဉ်၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်း သို့ သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။ |
28. | ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက် ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။ |
29. | ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍၎င်း၊ အဘိမလက်အား သင်၏ ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍၎င်း ဆို၏။ |
30. | ဧဗက်၏သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍ |
31. | ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့သို့ လာ၍ ကိုယ်တော်တဘက်၌ မြို့ကို ပြင်ဆင်ကြပါ၏။ |
32. | သို့ဖြစ်၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။ |
33. | နံနက်စောစော နေထွက်စကထ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍ မြို့ကို တိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ။ |
34. | အဘိမလက်သည် သူ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။ |
35. | ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ၏။ |
36. | ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများ ဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။ |
37. | တဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့် လာကြ၏ဟု ပြောဆိုလျှင်၊ |
38. | ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသော နှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊ |
39. | ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက်၍ အဘိမလက်ကို တိုက်လေ၏။ |
40. | အဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍ သေကြ၏။ |
41. | အဘိမလက်သည် အရုမမြို့မှာ နေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှါ နှင်ထုတ်လေ၏။ |
42. | နက်ဖြန်နေ့၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊ |
43. | မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍ လုပ်ကြံလေ၏။ |
44. | အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတက်၍ စောင့်နေ၏။ အခြားသော လူနှစ်စုတို့ သည် တော၌ရှိသော လူတို့ဆီသို့ ပြေး၍ သတ်ကြ၏။ |
45. | အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။ |
46. | ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။ |
47. | ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊ |
48. | ကိုယ်တိုင်မှစ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင်၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အား ဆိုလျှင်၊ |
49. | သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။ |
50. | ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။ |
51. | သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ၍၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်း ပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။ |
52. | အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ၊ |
53. | မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ၏။ |
54. | သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကို ထုတ်၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် ထိုး၍ အဘိမလက် သေလေ၏။ |
55. | အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။ |
56. | ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။ |
57. | ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။ |
← Judges (9/21) → |