← Judges (8/21) → |
1. | ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။ |
2. | ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည်မဟုတ်လော။ |
3. | ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။ |
4. | ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍ လိုက်ကြ၏။ |
5. | သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊ |
6. | သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။ |
7. | ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသော အခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊ |
8. | ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။ |
9. | ဂိဒေါင်ကလည်း၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို၏။ |
10. | ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။ |
11. | ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊ |
12. | မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။ |
13. | ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊ |
14. | သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ၍ မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။ |
15. | ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊ |
16. | ထိုမြို့၌ အသက်ကြီးသူတို့ကို ခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။ |
17. | ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။ |
18. | ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊ |
19. | ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊ |
20. | မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍ သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ် ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။ |
21. | ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။ |
22. | ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊ |
23. | ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊ |
24. | သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။ |
25. | သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း၍၊ လူအပေါင်းတို့သည် မိမိတို့ လုယူ၍ ရသော နားတောင်းများကို ချထားကြ၏။ |
26. | ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား၊ အခွက်တဆယ်ခုနစ်ပိဿာရှိ၏။ ထိုမှတပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုပ် လည်ကြိုးများကို ရသေး၏။ |
27. | ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။ |
28. | ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။ |
29. | ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍ နေသတည်း။ |
30. | ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။ |
31. | ရှေခင်မြို့၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ၏။ |
32. | ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ |
33. | ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။ |
34. | ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊ |
35. | ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။ |
← Judges (8/21) → |