← Judges (7/21) → |
1. | ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။ |
2. | ထာဝရဘုရားကလည်း၊ သင်၌ပါသော လူတို့သည် အလွန်များ၍၊ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တဘက်၌ ဝါကြွား လိမ့်မည်။ |
3. | သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစော ပြန်သွားစေဟု လူများတို့ အား ဟစ်ကြော်လော့ဟု ဂိဒေါင်အား မိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင် ပြန်သွား၍ တသောင်းကျန်ရစ်၏။ |
4. | တဖန် ထာဝရဘုရားကလည်း၊ လူတို့သည် အလွန်များသေး၏။ ရေဆိပ်သို့ ခေါ်ခဲ့လော့။ သူတို့ကို ရေဆိပ်မှာ သင့်အဘို့ ငါစုံစမ်းမည်။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူ သွားရမည်ဟု ငါဆိုလျှင်၊ ထိုသူသည် သွားရမည်။ ဤမည်သော သူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း၊ |
5. | ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစု၊ ဒူးထောက်လျက် ဝပ်၍ သောက်သောသူတစု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။ |
6. | ထိုအခါ မိမိလက်ခုပ်နှင့်ရေကို ယူသဖြင့် လျက်၍ သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်း တို့သည် ရေသောက်ခြင်းငှါ ဒူးထောက်၍ ဝပ်ကြ၏။ |
7. | ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အား မိန့်တော်မူ၏။ |
8. | ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကို ယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသော လူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။ |
9. | ထိုညဉ့်တွင် ထာဝရဘုရားက၊ ထလော့။ ရန်သူတပ်ချရာသို့ ချီသွားလော့။ သင့်လက်၌ ငါအပ်မည်။ |
10. | မချီဝံ့လျှင် သင်၏ ကျွန်ဖုရကို ရှေ့ဦးစွာ ခေါ်သွားလော့။ |
11. | သူတို့သည် အဘယ်သို့ ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှါ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကို ခေါ်၍ ရန်သူ၏ တပ်ပြင်၌ ကင်းထိုးသော သူရှိရာသို့ သွားလေ၏။ |
12. | မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင် နှင့်အမျှ များကြ၏။ ကုလားအုပ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိ များကြ၏။ |
13. | ဂိဒေါင်သည် ရောက်သောအခါ၊ လူတယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်း အဘော်အား ပြန်ပြောသည်မှာ၊ ငါမြင်မက်သည်ကား၊ မုယောမုန့်တပြားသည် မိဒျန်တပ်ထဲသို့ လိမ့်၍ တဲတဆောင်ကို တွေ့လျှင်၊ ထိခိုက်မှောက်လှန် ဖြိုချလေ၏ဟု ဆိုသော်၊ |
14. | သူ၏အပေါင်းအဘော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုးယောရှသားဂိဒေါင်၏ ထားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။ |
15. | ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၍ အပ်တော်မူမည်ဟု ဆို၏။ |
16. | ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတလုံးနှင့် မီးခွက်ပါသော အိုးတလုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။ |
17. | ငါ့ကို ကြည့်၍ ငါပြုသည်အတိုင်း ပြုကြ။ တပ်ပြင်သို့ ရောက်သောအခါ၊ ငါပြုသည်အတိုင်း ပြုကြ။ |
18. | ငါနှင့် ငါ၌ ပါသောသူအပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ ထားဟု ဟစ်ကြလော့ဟု မှာထား၏။ |
19. | ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်း ခွဲကြ၏။ |
20. | လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကို ခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကို၎င်း၊ လက်ျာလက်၌ မှုတ်စရာတံပိုးတို့ကို၎င်း ကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ထားဟု ဟစ်ကြ၏။ |
21. | သူတို့သည် တပ်ပတ်ဝန်းကျင်၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ၍၊ တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက် ထွက်ပြေးကြ၏။ |
22. | လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏ တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့၎င်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နယ်သို့၎င်း ပြေးကြ၏။ |
23. | ဣသရေလလူတို့သည် နဿလိခရိုင်၊ အာရှာခရိုင်၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ၍၊ မိဒျန်လူ တို့ကို လိုက်ကြ၏။ |
24. | ဂိဒေါင်သည်လည်း၊ တမန်တို့ကို ဧဖရိမ်တောင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှါ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင် စောင့်နေကြလော့ဟု မှာလိုက် သည်အတိုင်း၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး၍၊ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ၏။ |
25. | မိဒျန်ဗိုလ်ချုပ်နှစ်ယောက်၊ ဩရဘနှင့် ဇေဘကို ဘမ်းဆီး၍၊ ဩရဘကို ဩရဘကျောက်ပေါ်၌၎င်း၊ ဇေဘကို ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ၌၎င်း သတ်ပြီးမှ၊ မိဒျန်လူတို့ကို လိုက်သဖြင့်၊ ဩရဘ၏ဦးခေါင်းနှင့် ဇေဘ၏ဦးခေါင်းထံသို့ ဆောင်ခဲ့ကြ၏။ |
← Judges (7/21) → |