← Judges (6/21) → |
1. | တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊ |
2. | မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။ |
3. | ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သားအစရှိသော အရှေ့ ပြည်သားတို့သည် ချီလာ၍၊ |
4. | တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍ မထားကြ။ |
5. | အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုပ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။ |
6. | ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ |
7. | ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့်၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊ |
8. | ထာဝရဘုရားသည် ပရောဖက်တယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ငါနှုတ်ဆောင်ပြီ။ |
9. | အဲဂုတ္တုပြည်သားလက်မှ၎င်း၊ ညှဉ်းဆဲသောသူအပေါင်းတို့လက်မှ၎င်း၊ သင်တို့ကို ကယ်နှုတ်၍၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကို ပေးပြီ။ |
10. | ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့နေသော အာမောရိပြည်သား ကိုးကွယ် သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင် ကြဟု မိန့်တော်မူ၏။ |
11. | တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည်လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ၏။ |
12. | ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရ ဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟု ဆိုလျှင်၊ |
13. | ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊ |
14. | ထာဝရဘုရားသည် သူ့ကို ကြည့်ရှု၍ ယခု သင်ရသော တန်ခိုးကို အမှီပြုလျှက် သွားလော့။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နှုတ်လိမ့်မည်။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ၏။ |
15. | ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌သာ၍ ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေ အမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊ |
16. | ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့် အတူရှိသဖြင့်၊ သင်သည် လူတယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။ |
17. | ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော် မူကြောင်း ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ |
18. | အကျွန်ုပ်သည် တဖန်လာပြန်၍၊ ဘောဇဉ်ပူဇော်သက္ကာကို ဆောင်ခဲ့သဖြင့်၊ ကိုယ်တော်ရှေ့၌ မတင်မှီတိုင်အောင်၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင်၊ သင်သည် ပြန်၍ မလာမှီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ၏။ |
19. | ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တကောင်ကို၎င်း၊ မုန့်ညက်တဧဖာနှင့် လုပ်သော တဆေးမဲ့ မုန့်ပြားတို့ကို၎င်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။ |
20. | ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို ယူ၍ ဤကျောက် ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။ |
21. | ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝေးကို ဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲက မီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်တို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။ |
22. | ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီ တကားဟုလျှောက်သော်၊ |
23. | ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။ |
24. | ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏ နေရာဩဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။ |
25. | ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။ |
26. | ငါစီရင်သည်အတိုင်း၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ခုတ်လှဲသော သစ်သားဖြင့် ဒုတိယနွားကို မီးရှို့၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ၏။ |
27. | ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကို၎င်း၊ မြို့သားတို့ကို၎င်း ကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညဉ့်အချိန်၌ ပြု၏။ |
28. | နံနက်စောစော မြို့သားတို့သည် ထကြသောအခါ၊ ဗာလဘုရား၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက်၊ အနားမှာရှိသော အာရှရပင်လည်း လဲလျက်၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင်၊ |
29. | ဤအမှုကို အဘယ်သူပြုသနည်းဟု တယောက်ကို တယောက် မေးမြန်းစစ်ကြောလျှင်၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ၏။ |
30. | ထိုအခါ မြို့သားတို့သည် ယောရှအား၊ သင်၏သားသည် ဗာလဘုရား၏ ယဇ်ပလ္လင်ကို ဖြိုဖျက်၍ အနားမှာ ရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့်၊ သူ့ကို အသေခံစေခြင်းငှါ ထုတ်လော့ဟု ဆိုသော်လည်း၊ |
31. | ယောရှသည် တဘက်၌ နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မှီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစုံတယောက် ဖြိုဖျက်သော ကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။ |
32. | ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့်၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျှက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။ |
33. | ထိုအခါ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့်၊ ယေဇရေလချိုင့်သို့ ကူးသွား၍ တပ်ချကြ၏။ |
34. | ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ၏။ |
35. | တမန်တို့ကို မနာရှေခရိုင်မ တရှောက်လုံးသို့ စေလွှတ်၍၊ မနာရှေ အမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ်၍၊ ထိုခရိုင်သားတို့သည် လည်း စုဝေးရာသို့ လာကြ၏။ |
36. | ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊ |
37. | အကျွန်ုပ်သည် သိုးတကောင်၏အမွေးကို တလင်း၌ ထားပါမည်။ သိုးမွေးသည် နှင်းစို၍၊ မြေတပြင်လုံး သွေ့ခြောက်လျှင်၊ မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော် မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ၏။ |
38. | နံနက်စောစောထ၍ သိုးမွေးကို ညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ၏။ |
39. | တဖန် ဂိဒေါင်က၊ အမျက်ထွက်တော်မမူပါနှင့်။ တကြိမ်သာ လျှောက်ပါဦးမည်။ သိုးတကောင်၏ အမွေးနှင့် ယခုတကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ။ မြေတပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း၊ |
40. | ထိုညဉ့်၌လည်းဘုရားသခင်ပြုတော်မူသဖြင့်၊ မြေတပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်လျက် ရှိ၏။ |
← Judges (6/21) → |