← Judges (3/21) → |
1. | ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊ |
2. | ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊ |
3. | ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။ |
4. | ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။ |
5. | ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊ |
6. | သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။ |
7. | ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊ |
8. | ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။ |
9. | နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။ |
10. | ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။ |
11. | အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။ |
12. | တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။ |
13. | ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊ |
14. | ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။ |
15. | နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။ |
16. | ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊ |
17. | မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသော သူဖြစ်၏။ |
18. | ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊ |
19. | ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။ |
20. | ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။ |
21. | ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊ |
22. | လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။ |
23. | ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။ |
24. | ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည် လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊ |
25. | ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။ |
26. | ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊ |
27. | ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ၏။ |
28. | သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာ ဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစုံတယောက်ကိုမျှ မကူးစေရ။ |
29. | ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူတသောင်းကို သတ်၍၊ |
30. | မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။ |
31. | ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။ |
← Judges (3/21) → |