← Judges (19/21) → |
1. | ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတယောက် သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတယောက်ကို သိမ်းယူ၏။ |
2. | ထိုမိန်းမသည် လင်ကို ပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလ နေလေ၏။ |
3. | လင်သည် သူ့ကို ချော့မော့၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား ၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ၍ သိမ်းဆည်းလေ၏။ |
4. | ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌ နေ၏။ |
5. | စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့် အနည်းငယ်ကို စား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း၊ |
6. | နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊ |
7. | သမက်သည် သွားအံ့သောငှါ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။ |
8. | ပဉ္စမနေ့ရက် နံနက်စောစော သွားအံ့သောငှါ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟု ဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။ |
9. | ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ်၍ သွားအံ့သောငှါ ထပြန်သောအခါ၊ သူ၏ ယောက္ခ မဖြစ်သော ထိုမိန်းမ၏ အဘက၊ ကြည့်ပါ၊ မိုဃ်းချုပ်လုပြီ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန် နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊- |
10. | သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်း ပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။ |
11. | ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤမြို့သို့ ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊- |
12. | သခင်က၊ ဣသရေလ အမျိုးမဟုတ်၊ တပါးအမျိုးသားနေသော မြို့သို့ မဝင်၊ ဂိဗာမြို့သို့ သွားဦးမည်။ |
13. | ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ်၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊- |
14. | ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။ |
15. | ဂိဗာမြို့မှာ ညဉ့်ကို လွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူ မျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။ |
16. | ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊- |
17. | မြော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တယောက် ရှိသည်ကိုမြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးသော်၊- |
18. | ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား၏ အိမ်တော်သို့ သွား၏။ အဘယ်သူ မျှ ဧည့်မခံသေး။ |
19. | သို့ရာတွင် မြည်းဘို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော် ကျွန်မလိုက်လာ သော ငယ်သားဘို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစုံတခုမျှ မလိုပါဟု ပြောဆို၏။ |
20. | လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာ ရှိစေတော့။ လမ်းမှာညဉ့်ကို မလွန်စေနှင့်ဟုဆိုလျက်၊- |
21. | မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကို ကျွေးလေ၏။ သူတို့သည် ခြေကို ဆေး၍ စားသောက်ကြ၏။ |
22. | ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကို ဝိုင်း၍ တံခါးကို ရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။ |
23. | အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။ |
24. | အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏မယားငယ်လည်း ရှိပါ၏။ သူတို့ကို ထုတ်၍ ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက် ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊- |
25. | သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့်၊ သူတို့သည် တညဉ့်လုံး အဓမ္မပြု၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ၏။ |
26. | အာရုဏ်တက်သောအခါ၊ မိန်းမသည် လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည် တိုင်အောင် လဲနေ၏။ |
27. | နံနက်အချိန်ရောက်မှ သူ၏ သခင်သည် ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကို လက်တင်လျက်ရှိသည် မြင်သော်၊ |
28. | ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။ |
29. | မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက်လေ၏။ |
30. | သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တခါမျှမဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင် စီရင်ကြလော့ဟု ပြောဆိုကြ၏။ |
← Judges (19/21) → |