← Judges (18/21) → |
1. | ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည် အတိုင်းမခံရသေး။ |
2. | သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို၍ နေကြ၏။ |
3. | မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကို မှတ်မိ၍၊ သူ့နေရာသို့ ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ လုပ်၍ နေသနည်းဟု မေးသော်၊- |
4. | ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ကို ငှါးသဖြင့်၊ ငါသည် သူ၏ ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။ |
5. | သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခု ခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည် အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊- |
6. | ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့ သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော် မူသည်ဟု ပြန်ပြော၏။ |
7. | ထိုလူ ငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊- |
8. | အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊- |
9. | သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့်။ |
10. | သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။ |
11. | ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသား လူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ၏။ |
12. | သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။ |
13. | ထိုအရပ်မှ သွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။ |
14. | ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊- |
15. | သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့်၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက်၍ သူ့ကို နှုတ် ဆက်ကြ၏။ |
16. | စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။ |
17. | လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင်၍၊ |
18. | ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော်၊- |
19. | သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့ အဘလုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တအိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊ |
20. | ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။ |
21. | ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ၏။ |
22. | မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ၏။ |
23. | ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊- |
24. | မိက္ခာက၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊- |
25. | ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။ |
26. | မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။ |
27. | ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သော အရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ ကြ၏။ |
28. | ဇိဒုန်မြို့နှင့်ဝေးသောကြောင့်၎င်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌ တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။ |
29. | ထိုမြို့ကို သူတို့အမျိုး၏ အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း။ |
30. | ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သား ယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ် လုပ်ကြ၏။ |
31. | ဘုရားသခင်၏ အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ၏။ |
← Judges (18/21) → |