← Judges (17/21) → |
1. | မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ၏။ |
2. | သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။- |
3. | ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။ |
4. | သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။ |
5. | ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။ |
6. | ထိုကာလ၌ ဣသရေလရှင် ဘုရင်မရှိ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း။ |
7. | ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊- |
8. | တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။ |
9. | မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊- |
10. | မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို၎င်း၊ စားစရာကို၎င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊- |
11. | ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ၏။ |
12. | မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ်၌ နေ၏။ |
13. | မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။ |
← Judges (17/21) → |