← Judges (16/21) → |
1. | နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင်၍ နေ၏။ |
2. | ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တညဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ၏။ |
3. | ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာ တင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ ပစ်ထားလေ၏။ |
4. | နောက်တဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန်၏။ |
5. | ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ၍၊ ရှံဆုန်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ၏။ |
6. | ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို၎င်း၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို၎င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ |
7. | ရှံဆုန်က၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။ |
8. | ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။ |
9. | ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။ |
10. | ဒေလိလကလည်း၊ သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ |
11. | သူက၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊ |
12. | ဒေလိလသည် ကြိုးသစ်တို့ကို ယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။ |
13. | ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ သူက၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊ |
14. | ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။ |
15. | ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။ |
16. | ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊- |
17. | ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။ |
18. | ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ၏။ |
19. | ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ ခွန်အားသည် လျော့ ပျောက်၏။ |
20. | မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း၊- |
21. | ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။ |
22. | ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊- |
23. | ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။ |
24. | လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများ တို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။ |
25. | စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။ |
26. | ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း၏။- |
27. | ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ၏။- |
28. | ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊- |
29. | စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက်၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင်၍ မှီနေလျက်၊- |
30. | အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသော သူတို့ကို သတ်လေ၏။ |
31. | သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုလ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း။ |
← Judges (16/21) → |