← Judges (15/21) → |
1. | နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊ |
2. | သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဘော် အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍ လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို၏။ |
3. | ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊ |
4. | သွား၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကို စည်း၍၊ |
5. | မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကို၎င်း၊ ကောက်လှိုင်းကို ၎င်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို၎င်း မီးလောင်လေ၏။ |
6. | ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏ သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည် လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။ |
7. | ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက်၊ |
8. | သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။ |
9. | တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။ |
10. | ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင်၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ၏။ |
11. | ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ ငါပြုပြီဟု ပြန်ပြော၏။ |
12. | သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊ |
13. | သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။ |
14. | လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။ |
15. | သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ၏။ |
16. | သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက်၊ |
17. | မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။ |
18. | အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊ |
19. | လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။ |
20. | ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ၏။ |
← Judges (15/21) → |