← Judges (14/21) → |
1. | တရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင်၊ |
2. | မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း၍ ပေးပါဟုဆိုသော်၊ |
3. | မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည် အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။ |
4. | ထာဝရဘုရားစီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။ |
5. | ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။ |
6. | ထိုအခါ ရှံဆုန်လက်၌ တစုံတခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။ |
7. | မြို့သို့ ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။ |
8. | အချိန်စေ့၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ၊ လမ်းမှ လွှဲသွား၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊ |
9. | နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။ |
10. | အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။ |
11. | ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။ |
12. | ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။ |
13. | မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ၏။ |
14. | ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။ |
15. | စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန်၏ မယားကို ဆိုသောကြောင့်၊ |
16. | သူသည် လင်ရှေ့မှာ ငိုကြွေး၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း၊ |
17. | ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။ |
18. | မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍ မတွေ့ဟုဆို၏။ |
19. | ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့ သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။ |
20. | မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။ |
← Judges (14/21) → |