← Judges (13/21) → |
1. | တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။ |
2. | ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသော ကြောင့် သားမဘွား။ |
3. | ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ |
4. | သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ |
5. | အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။ |
6. | ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကို မပြော။ |
7. | သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။ |
8. | ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ်၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော်၊ |
9. | ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။ |
10. | မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊ |
11. | မာနော်သည် ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။ |
12. | မာနော်ကလည်း၊ ကိုယ်တော်၏စကားပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော်၊ |
13. | ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။ |
14. | စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သော အရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။ |
15. | မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ကောင်းကင်တမန်အား ဆိုလျှင်၊ |
16. | ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။ |
17. | မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ကောင်းကင်တမန် အား မေးသော်၊ |
18. | ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို၏။ |
19. | မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား၊ |
20. | မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။ |
21. | ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။ |
22. | မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော်၊ |
23. | မယားက၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။ |
24. | ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏။ |
25. | ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။ |
← Judges (13/21) → |