← Judges (12/21) → |
1. | ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊ |
2. | ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ၏။ |
3. | မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသား တို့ကို တိုက်ခြင်းငှါ သွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊ |
4. | ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဘူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။ |
5. | ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊ |
6. | သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဘမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ၏။ |
7. | ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ၍ ဂိလဒ်မြို့တမြို့၌ သင်္ဂြိုဟ်လေ၏။ |
8. | ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။ |
9. | ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ် ရှိ၏။ သမီးများကို အခြားတပါးသို့ စေလွှတ်၍ ချွေးမ သုံးဆယ်ကို သိမ်းထား၏။ |
10. | ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။ |
11. | ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။ |
12. | ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။ |
13. | ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။ |
14. | ထိုမင်းသည် သားလေးဆယ်၊ မြေးသုံးဆယ်ရှိ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ၏။ |
15. | ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည်၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဧဖရိမ်ခရိုင်၊ ပိရသုန်မြို့၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ၏။ |
← Judges (12/21) → |