← Judges (10/21) → |
1. | အဘိမလက်လက်ထက် နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။ |
2. | ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။ |
3. | ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။ |
4. | ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။ |
5. | ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။ |
6. | တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြုစွန့်ထားကြ၏။ |
7. | ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌၎င်း၊ အမ္မုန်အမျိုးသားတို့၌ ၎င်း၊ ရောင်းတော်မူသဖြင့်၊ |
8. | ယော်ဒန်မြစ်တဘက် အာမောရိလူနေရာဂိလဒ်ပြည်၌နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။ |
9. | အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကို ကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။ |
10. | ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ |
11. | ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော။ |
12. | ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကို ဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နှုတ်၏။ |
13. | သို့သော်လည်း သင်တို့သည် ငါ့ကို စွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တဖန် ငါမကယ်နှုတ်။ |
14. | သင်တို့ ရွေးယူသော ဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခု ကာလ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။ |
15. | ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြုတော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရားအား တောင်းလျှောက်လျက်၊ |
16. | တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ၏။ |
17. | အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလအမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။ |
18. | ဂိလဒ်ပြည်သားမင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။ |
← Judges (10/21) → |