← Joshua (8/24) → |
1. | တဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲ အပေါင်းတို့ကို ခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣ မင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ ငါအပ်မည်။ |
2. | ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဘို့ သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ |
3. | ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ် လျက်၊ |
4. | သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွား ကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။ |
5. | ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။ |
6. | သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်း မူကား၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။ |
7. | ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။ |
8. | တိုက်၍ အောင်သောအခါ မြို့ကို မီးရှို့ရကြ မည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။ |
9. | ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါ သွား၍၊ ဗေသလမြို့နှင့် အာဣမြို့ စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ၏။ ယောရှုသည် ထိုညဉ့်တွင် လူများထဲမှာနေသေး၏။ |
10. | နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့ သို့ အဦးချီသွားလေ၏။ |
11. | ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည် လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။ |
12. | တဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလ မြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ၏။ |
13. | ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်း ခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညဉ့် တွင် ချိုင့်အလယ်သို့ သွားလေ၏။ |
14. | ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ။ |
15. | ယောရှုနှင့်ဣသရေလ အမျိုးသားအပေါင်းတို့ သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။ |
16. | သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့ သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။ |
17. | ဣသရေလအမျိုးသားတို့ကို မလိုက်ဘဲ၊ အာဣ မြို့နှင့် ဗေသလမြို့၌ ယောက်ျားတယောက်မျှ မနေ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက် ကြ၏။ |
18. | ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ် မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှု သည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။ |
19. | ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက် ခြင်းထ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင်၊ ကြိုးစား၍ သိမ်းယူပြီးမှ မီးရှို့ကြ၏။ |
20. | အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကို လောင်သော မီး၏အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။ |
21. | ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌ မီးခိုး တက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင်၊ တဖန် ပြန်လှည့်၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ၏။ |
22. | အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။ |
23. | အာဣမင်းကြီးကို အရှင်ဘမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။ |
24. | ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာ တော၌၎င်း၊ အာဣမြို့သားအပေါင်းတို့ကို လုပ်ကြံ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တဖန် မြို့သို့ပြန်လာ၍ ထားဖြင့် လုပ်ကြံကြ၏။ |
25. | ထိုနေ့၌ တသောင်းနှစ်ထောင်ခန့်မျှ ရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ ၏။ |
26. | အာဣမြို့သူမြို့သား အပေါင်းတို့ကို အကုန်အ စင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ်။ |
27. | သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာ ထားတော်မူသော စကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက် ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ |
28. | ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့ တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ၏။ |
29. | အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင် တွင် ဆွဲထား၍၊ မိုဃ်းချုပ်သောအခါ၊ ယောရှုစီရင်သည် အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါး ဝ၌ ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။ |
30. | ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့၊ ယဇ်ပလ္လင်ကို တည်လေ၏။ |
31. | ထာဝရဘုရား၏ ကျွန်မောရှေသည်၊ ဣသရေ လအမျိုးသားတို့ကို မှာထား၍ မောရှေ၏ ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။ |
32. | ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောရှေ ၏ ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ၏။ |
33. | ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊ |
34. | ပညတ္တိကျမ်း၌ ရေးထားသမျှသော ကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကား တည်းဟူ သော တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လေ၏။ |
35. | ယောရှုသည် မောရှေမှာထားသော စကားတ ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တကျွန်းနိုင်ငံသား ပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ ရှေ့မှာ အကုန်အစင် ဘတ်ရွတ်လေ၏။ |
← Joshua (8/24) → |