← Joshua (3/24) → |
1. | ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ၏။ |
2. | သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား၍၊ |
3. | သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာ ပြောင်း၍ လိုက်ရကြမည်။ |
4. | သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်း ကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ၏။ |
5. | ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။ |
6. | တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း၍လူများရှေ့သို့ သွားကြ၏။ |
7. | ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည်။ |
8. | ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ |
9. | ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြ လော့ဟု ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊ |
10. | အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား၊ |
11. | မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန် မြစ်ထဲသို့ကူးသွားလိမ့်မည်။ |
12. | သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့။ |
13. | မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ၏။ |
14. | လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊ |
15. | ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း၊ |
16. | မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။ |
17. | လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။ |
← Joshua (3/24) → |