← Joshua (17/24) → |
1. | ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။ |
2. | ယောသပ်၏သား မနာရှေ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖါသား၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု၍ ရကြသေး၏။ |
3. | သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။ |
4. | ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။ |
5. | ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့်၊ |
6. | ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။ |
7. | မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာ ဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။ |
8. | တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။ |
9. | တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ်၍ ပင်လယ်၌ဆုံးလေ၏။ |
10. | တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာ ရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။ |
11. | ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။ |
12. | သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင် နေကြ၏။ |
13. | ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ၏။ |
14. | ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော်၊ |
15. | ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏။ |
16. | ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊ |
17. | ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တဘို့တည်းကိုသာ မယူရ။ |
18. | တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။ |
← Joshua (17/24) → |