← Joshua (10/24) → |
1. | ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊ |
2. | ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။ |
3. | ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊ |
4. | ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊ |
5. | ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။ |
6. | ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။ |
7. | ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။ |
8. | ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။ |
9. | ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊ |
10. | ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသော လမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။ |
11. | ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။ |
12. | ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊ |
13. | ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော။ |
14. | ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။ |
15. | ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။ |
16. | မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။ |
17. | မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊ |
18. | ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။ |
19. | သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေ ကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌ အပ်တော်မူပြီဟု မှာထားလေ၏။ |
20. | ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။ |
21. | လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။ |
22. | ယောရှုကလည်း၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊ |
23. | သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန် မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊ |
24. | ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည် ကုပ်အပေါ်၌ ခြေကို တင်ကြ၏။ |
25. | ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊ |
26. | ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင် ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊ |
27. | နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။ |
28. | ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။ |
29. | ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊ |
30. | ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။ |
31. | ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။ |
32. | ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက်၌ အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ရ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ၏။ |
33. | ထိုအခါ ဂေဇာမင်းကြီး ဟောရံသည်၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ၏လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။ |
34. | တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား၍ တပ်ချ လျက် တိုက်ကြ၏။ |
35. | ထိုနေ့ခြင်းတွင်ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။ |
36. | တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ ၏။ |
37. | ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း၊ မြို့သူမြို့သားအပေါင်းတို့ကို၎င်း၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ၏။ |
38. | တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။ |
39. | ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း ရ၍၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း။ |
40. | ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင် ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ |
41. | ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင် အောင်၎င်း လုပ်ကြံ၍၊ |
42. | ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ၏။ |
43. | ထိုနောက် ယောရှုသည်၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။ |
← Joshua (10/24) → |