← John (6/21) → |
1. | ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။ |
2. | အနာရောဂါစွဲသောသူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။ |
3. | ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။ |
4. | ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။ |
5. | ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော် မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။ |
6. | ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။ |
7. | ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မ လောက်ပါဟုလျှောက်၏။ |
8. | ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ |
9. | မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှ လောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။ |
10. | ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ |
11. | ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။ |
12. | ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ |
13. | စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ် တောင်းအပြည့်ရကြ၏။ |
14. | ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ၏။ |
15. | ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါလာ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန်၏။ |
16. | ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ရောက်ပြီးလျှင်၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။ |
17. | ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။ |
18. | လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။ |
19. | ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေ အနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောင့်လန့်ခြင်းရှိကြ၏။ |
20. | ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောင့်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက်စွာခံယူကြ၏။ |
21. | လှေသည်လည်းရောက်လိုသောရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။ |
22. | အိုင်တဘက်၌နေသော လူအစုအဝေးတို့သည်ကား၊ |
23. | အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည်မုန့်ကိုစားကြရာ အရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့် တော်တို့သာ သွားသည်ကို၎င်း မြင်ကြ၍၊ |
24. | ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ၏။ |
25. | အိုင်တဘက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။ |
26. | ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။ |
27. | မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ |
28. | ထိုသူတို့ကလည်း။ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။ |
29. | ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။ |
30. | ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။ |
31. | ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ |
32. | ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။ |
33. | ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊ |
34. | သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။ |
35. | ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။ |
36. | သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။ |
37. | ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်။ |
38. | အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။ |
39. | ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊ |
40. | သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလို တော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ |
41. | ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊ |
42. | ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကိုငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။ |
43. | ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။ |
44. | ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာ နိုင်။ လာသောသူကိုနောက်ဆုံသောနေ့၌ ငါထမြောက်စေမည်။ |
45. | အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။ |
46. | ထိုသို့ငါဆိုသော၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။ |
47. | ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ |
48. | ငါသည်အသက်မုန့်ဖြစ်၏။ |
49. | သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။ |
50. | ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။ |
51. | ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။ |
52. | ထိုအခါ ယုဒလူတို့က၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။ |
53. | ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူ၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။ |
54. | ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ |
55. | ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏။ |
56. | ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။ |
57. | အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ |
58. | ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊ |
59. | ကပေရနောင်မြို့မှာရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။ |
60. | တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ၏။ |
61. | ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။ |
62. | လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း။ |
63. | ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။ |
64. | သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ၏။ |
65. | ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။ |
66. | ထိုအခါမှစ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။ |
67. | ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင်၊ |
68. | ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။ |
69. | ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ် တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ၏။ |
70. | ယေရှုကလည်း၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ၏။ |
71. | ထိုသို့မိန့်တော်မူသော်၊ ထကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း။ |
← John (6/21) → |