← John (4/21) → |
1. | ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။ |
2. | တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက်သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊ |
3. | ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင်၊ |
4. | ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။ |
5. | ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။ |
6. | ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။ |
7. | ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။ |
8. | အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း။ |
9. | ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ။ |
10. | ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊ |
11. | မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း။ |
12. | ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။ |
13. | ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ |
14. | ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ |
15. | မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊ |
16. | ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။ |
17. | မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။ |
18. | အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။ |
19. | ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။ |
20. | အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ |
21. | ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။ |
22. | သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။ |
23. | ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ |
24. | ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။ |
25. | မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။ |
26. | ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ |
27. | ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။ |
28. | ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊ |
29. | အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊ |
30. | သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။ |
31. | မရောက်မှီတွင်တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင်၊ |
32. | သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။ |
33. | ထိုကြောင့်တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင်၊ |
34. | ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။ |
35. | ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။ |
36. | စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ |
37. | တဦးကားပျိုးကြဲ၏။ တဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။ |
38. | သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။ |
39. | ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။ |
40. | ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ |
41. | အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊ |
42. | ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော် ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။ |
43. | နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။ |
44. | အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။ |
45. | ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။ |
46. | ရေကိုစပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။ |
47. | ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။ |
48. | ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊ |
49. | သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။ |
50. | ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။ |
51. | လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။ |
52. | အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။ |
53. | ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ |
54. | ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း။ |
← John (4/21) → |