← John (3/21) → |
1. | ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊ |
2. | ညဉ့်အခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊ |
3. | ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ |
4. | နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်း ထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ |
5. | ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ |
6. | ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။ |
7. | ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။ |
8. | လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ၏။ |
9. | နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊ |
10. | တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော။ |
11. | ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။ |
12. | မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း။ |
13. | ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။ |
14. | မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ |
15. | အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။ |
16. | ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ |
17. | လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။ |
18. | သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။ |
19. | အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ |
20. | ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။ |
21. | သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။ |
22. | ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထို အရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။ |
23. | ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။ |
24. | ယောဟန်သည်ထောင်ထဲသို့မရောက်သေး။ |
25. | ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊ |
26. | ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊ |
27. | ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။ |
28. | ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။ |
29. | မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။ |
30. | ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။ |
31. | အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွဋ်ဖြစ်တော် မူ၏။ |
32. | မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ၊ |
33. | သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။ |
34. | ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏။ |
35. | ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ။ |
36. | သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ |
← John (3/21) → |