← John (2/21) → |
1. | သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု၏ မယ်တော်ရှိ၏။ |
2. | ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ |
3. | စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။ |
4. | ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။ |
5. | မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။ |
6. | ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။ |
7. | ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ၏။ |
8. | ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။ |
9. | ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့်၍၊ |
10. | အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။ |
11. | ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။ |
12. | ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊ |
13. | ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။ |
14. | ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၎င်း တွေ့ တော်မူလျှင်၊ |
15. | ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ၏၊ |
16. | ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်ဟု မိန့်တော်မူ၏။ |
17. | ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။ |
18. | ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။ |
19. | ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ |
20. | ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူ ကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။ |
21. | ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍မိန့်တော်မူ၏။ |
22. | ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက်။ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်း ယုံကြ၏။ |
23. | ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။ |
24. | သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။ |
25. | လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူ ကိုမျှအလိုတော်မရှိ။ |
← John (2/21) → |