← John (13/21) → |
1. | ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။ |
2. | ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊ |
3. | ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊ |
4. | စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ |
5. | ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။ |
6. | ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။ |
7. | ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။ |
8. | ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ |
9. | ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော် မူပါဟု လျှောက်ပြန်၏။ |
10. | ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ |
11. | ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။ |
12. | ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော။ |
13. | သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။ |
14. | ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ |
15. | ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။ |
16. | ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။ |
17. | ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။ |
18. | သင်တို့ရှိသမျှကို ငါရည်မှတ်၍ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။ |
19. | ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။ |
20. | ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။ |
21. | ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။ |
22. | အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏။ |
23. | ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊ |
24. | အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော် ကို အမှတ်ပေး၏။ |
25. | ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။ |
26. | ယေရှုကလည်း၊ ဤမုန့်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။ |
27. | ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။ |
28. | အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။ |
29. | အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့ဟူ၍၎င်း။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ၏။ |
30. | ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏။ |
31. | ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။ |
32. | ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ |
33. | ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။ |
34. | သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ |
35. | သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
36. | ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။ |
37. | ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊ |
38. | ယေရှုက၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ |
← John (13/21) → |