← Job (36/42) → |
1. | တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊ |
2. | ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။ |
3. | ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။ |
4. | အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။ |
5. | ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဉာဏ်သတ္တိနှင့်ပြည့်စုံတော်မူ၏။ |
6. | မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။ |
7. | ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။ |
8. | သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊ |
9. | သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။ |
10. | ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။ |
11. | စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။ |
12. | နားမထောင်လျှင် ထားဘေးဖြင့် ဆုံး၍၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ၏။ |
13. | အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။ |
14. | အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။ |
15. | အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။ |
16. | ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။ |
17. | သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။ |
18. | အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။ |
19. | သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။ |
20. | ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။ |
21. | သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။ |
22. | ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။ |
23. | ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။ |
24. | လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။ |
25. | လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။ |
26. | ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။ |
27. | ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။ |
28. | မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။ |
29. | မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း။ |
30. | တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။ |
31. | ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။ |
32. | အလင်းကိုလက်တော်နှင့် ကွယ်ကာ၍၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။ |
33. | ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။ |
← Job (36/42) → |