← Job (29/42) → |
1. | ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆို သည်ကား၊ |
2. | ငါသည် လွန်လေပြီသောနှစ်၊လ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။ |
3. | ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။ |
4. | ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။ |
5. | ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။ |
6. | ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ၏။ |
7. | ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊ |
8. | လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။ |
9. | မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။ |
10. | မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ကပ်လေ၏။ |
11. | လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။ |
12. | အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။ |
13. | ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။ |
14. | ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ်၏။ |
15. | မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။ |
16. | ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။ |
17. | မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။ |
18. | ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။ |
19. | ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။ |
20. | ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။ |
21. | သူတပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။ |
22. | ငါပြောပြီးသည် နောက်သူတို့သည် ပြန်၍ မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။ |
23. | မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။ |
24. | ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။ |
25. | ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။ |
← Job (29/42) → |