← Jeremiah (8/52) → |
1. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ်၍၊ |
2. | ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။ |
3. | ငါနှင်လိုက်ရာအရပ်ရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ |
4. | တဖန် သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန် မထရသလော။ လွဲသွားသောသူသည် နောက်တဖန် ပြန်၍ မလာရသလော။ |
5. | ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍မလာဟု ခိုင်မာစွာ ဆိုကြ၏။ |
6. | ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေးတတ်ကြ၏။ |
7. | မိုဃ်းကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်း ကို နားမလည်တတ်။ |
8. | ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ။ |
9. | ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။ |
10. | ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါးတို့၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။ |
11. | ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။ |
12. | သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြ သလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
13. | သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည်။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်း သီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
14. | ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြ သနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရ ဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ၏။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ၏။ |
15. | ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။ |
16. | သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။ |
17. | ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။ |
18. | ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည် စိတ်ပျက်လျက်နေရ၏။ |
19. | ငါ၏ လူမျိုးသတို့သမီးအော်ဟစ်သံကို ဝေးသော ပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော် မမူသလော။ |
20. | အသီးအနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ |
21. | ငါ၏လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။ |
22. | ဂိလဒ်ပြည်၌ ဗာလဇံပင် အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ ထမြောက်သနည်း။ တကျွန်းတနိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း။ |
← Jeremiah (8/52) → |