← Jeremiah (50/52) → |
1. | ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား၊ |
2. | လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။ |
3. | လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသော သူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။ |
4. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။ |
5. | ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။ |
6. | ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။ |
7. | သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ။ |
8. | ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ပြုကြလော့။ |
9. | အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည်။ သူတို့သည် မြို့တဘက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ၏ မြှားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။ |
10. | ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
11. | ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။ |
12. | ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည်။ |
13. | ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။ |
14. | ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြ လော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။ |
15. | မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။ |
16. | ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။ |
17. | ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။ |
18. | ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေး မည်။ |
19. | ဣသရေလကိုသူ၏နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား၍၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည်။ |
20. | ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
21. | ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
22. | ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။ |
23. | မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။ |
24. | အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။ |
25. | ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။ |
26. | မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့။ |
27. | သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။ |
28. | ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော် ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေ အံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံ ကို ကြားရ၏။ |
29. | လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။ |
30. | ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ |
31. | ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ။ |
32. | မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ် သူမျှမကြွရ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။ |
33. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။ |
34. | သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။ |
35. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေး သည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။ |
36. | ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။ |
37. | ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။ |
38. | ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။ |
39. | ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ် သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။ |
40. | သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော် မူ၏။ |
41. | ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။ |
42. | လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။ |
43. | သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။ |
44. | ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။ |
45. | သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။ |
46. | ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ၏။ |
← Jeremiah (50/52) → |