← Jeremiah (42/52) → |
1. | ထိုအခါကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိ အစရှိသော တပ်မှူးရှိသမျှတို့နှင့်လူအကြီး အငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ်၍၊ |
2. | အကျွန်ုပ်တို့သည်အထက်ကများသော်လည်း၊ |
3. | ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ် သော ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနား တော်ခံသော စကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသော လမ်းနှင့်ပြုရသော အမှုကိုကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အား ပြတော် မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့ အဘို့ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။ |
4. | ပရောဖက် ယေရမိကလည်း၊ ငါကြား၏ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်း မည်။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှ တို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို၏။ |
5. | သူတို့ကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့် သော သက်သေဖြစ်တော်မူစေသတည်း။ |
6. | အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်။ ကိုယ်တော်ကိုစေလွှတ်ရာ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်သည်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ၏။ |
7. | ထိုနောက် ဆယ်ရက်ကြာသောအခါ၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင်၊ |
8. | ယေရမိသည် ကာရာသား ယောဟနန်မှစ၍၊ သူ၌ပါသမျှသော တပ်မှူးတို့နှင့် လူအကြီး၊ အငယ် အပေါင်းတို့ကိုခေါ်၍၊ |
9. | သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနားတော် ခံသော ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ |
10. | အကယ်စင်စစ်သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည်သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင် တို့ကိုမနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေ သော ဘေးဒဏ်ကြောင့် နောင်တရ၏။ |
11. | သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင် ကို မကြောက်ကြနှင့်။ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှနှုတ်ယူခြင်းငှါ သင်တို့ဘက်၌ ရှိ၏။ |
12. | သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည်။ |
13. | သို့မဟုတ်၊ သင်တို့က၊ငါတို့သည်ဤပြည်၌မနေ၊ ငါတို့ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ |
14. | စစ်မှုကိုမတွေ့မမြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့သွား၍ နေမည်ဟု ဆိုလျှင်၊ |
15. | ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရ ဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက်၊ ထိုပြည်သို့အမှန်သွား၍ တည်းခိုလျှင်၊ |
16. | သင်တို့ကြောက်သော ထားဘေးသည် အဲဂုတ္တု ပြည်၌ သင်တို့ကို မှီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကို ကျပ်ကျပ်လိုက်၍၊ ထိုပြည်၌သင်တို့သည် သေကြလိမ့် မည်။ |
17. | အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသောသူအပေါင်းတို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့ အပေါ်သို့ငါရောက်စေသောဘေးဒဏ်နှင့် တယောက်မျှ မလွတ်ရ။ ကျန်ကြွင်းသောသူ တယောက်မျှမရှိရ။ |
18. | ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်း လောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။ ဤအရပ်ကို နောက် တဖန်မမြင်ရ။ |
19. | ကျန်ကြွင်းသောယုဒအမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရား အမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့သက်သေ ခံကြောင်းကို သိမှတ်ကြလော့။ |
20. | အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဘို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါ မည်ဟုဆို၍၊ ငါ့ကိုသင်တို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကိုကိုယ် လှည့်စားကြပြီ။ |
21. | ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့ မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော် ကို၎င်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကို၎င်း၊ နားမထောင်ဘဲနေကြ၏။ |
22. | ထိုကြောင့် သင်တို့သည် သွား၍ တည်းခိုချင် သော အရပ်၌ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ် ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။ |
← Jeremiah (42/52) → |